ပြီးခဲ့သည့်ရက်များက ဈေးကျခဲ့သော အမေရိကန်ဒေါ်လာသည် ဗဟိုဘဏ်မှ အတိုးနှုန်း မပြောင်းလဲခဲ့ခြင်းကြောင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှစ၍ အခြားသော အဓိကငွေကြေးများနှင့်နှိုင်းယှဉ်လျှင် အားကောင်းလာပြီဖြစ်သည်။ အမေရိကန်၊ အစ္စရေးနှင့် အီရန်စစ်ပွဲ၏ စီးပွားရေးအကျိုးသက်ရောက်မှုကြောင့် ယခုနှစ်အတွင်း ငွေကြေးဖောင်းပွမှု ပိုမိုမြင့်မားခြင်းနှင့် အတိုးနှုန်းကို ၁ % လျှော့ချရန် ဗဟိုဘဏ်က ခန့်မှန်းခဲ့ပါသည်။ စစ်ပွဲမှာ ၃ ပတ်နီးပါး ကြာမြင့်ပြီး၊ ရေနံစျေးနှုန်းများ တက်လာခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများက ပိုမိုဘေးကင်းလုံခြုံသော အမေရိကန်ဒေါ်လာ ပိုင်ဆိုင်မှုများသို့ တွန်းပို့လာသောကြောင့် အရှေ့အလယ်ပိုင်းပဋိပက္ခနောက်ပိုင်း ဒေါ်လာစျေးသည် အားကောင်းလာခဲ့သည်။ ကနေဒါရှိ ဈေးကွက်လေ့လာသူတစ်ဦး Karl Schamotta က အမေရိကန်တွင် ဒီဇင် ဘာလကထက် စီးပွားရေးတိုးတက်မှု နိမ့်ကျခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းနှင့် ငွေကြေးဖောင်းပွမှု မြင့်မားခြင်းတို့ ရှိသော်လည်း ဒေါ်လာဈေးတက်ခြင်းသည် ရေနံဈေးတက်မှုကို ယာယီသာဖြစ်ပြီး ဝယ်လိုအားကြောင့်သာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဒေါ်လာသည် ဆွစ်ဖရန့်နှင့်ယှဉ်လျင် ၀.၉၂ % (၁ ဒေါ်လာ = ၀.၇၉၂ ဆွစ်ဖရန့်) ၊ ယူရိုနှင့်ယှဉ်လျှင် ၀.၅ % (၁ ယူရို = ၁.၁၄၈ ဒေါ်လာ)၊ ယန်းနှင့် ယှဉ်လျှင် ၀.၄၃ % (၁ဒေါ်လာ = ၁၅၉.၇ ယန်း) ၊ စတာလင်ပေါင်နှင့်ယှဉ်လျှင် ၀.၄၆ % (၁ စတာလင်ပေါင် = ၁.၃၂၉၂ ဒေါ်လာ) ၊ ယွမ်နှင့်ယှဉ်လျှင် ၀.၁၉ % (၁ ဒေါ်လာ = ၆.၈၉၄ ယွမ်) ဈေးပေါက်ခဲ့ကြောင်း သိရှိရပါသည်။
နယူးယောက်စတော့အိတ်ချိန်းမှ အကြီးတန်းသုံးသပ်သူ Joseph Trevisani က ဗဟိုဘဏ်အနေဖြင့် ဒေါ်လာဈေး အပြုသဘောဆောင်နေသရွေ့ အတိုးနှုန်းထားများ (သို့မဟုတ်) အစိုးရငွေချေးစာချုပ် ဈေးကွက်လားရာ (Treasury markets direction) တို့ကို မည်သို့ဆက်ဖြစ်မည်ကို စဉ်းစားမည်မဟုတ်ကြောင်း၊ ငွေချေးစာချုပ်နှုန်းများသည် ပြီးခဲ့သည့် ၂ လ ၊ ၃ လ ကထက် ဈေးပိုတက်နေကြောင်း ပြောကြားခဲ့သည်။
အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ Jerome Powell က ဗဟိုဘဏ်အနေဖြင့် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော ရေနံစျေးနှုန်းများ မြင့်မားလာမှုကို စောင့်ကြည့်နေပြီး အကယ်၍ ကုန်စည်စျေးနှုန်းများကြောင့် ဖြစ်ပေါ်လာသော ငွေကြေးဖောင်းပွမှုကို လျှော့ချနိုင်ပါက စီးပွားရေးတိုးတက်မှုရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဥရောပဗဟိုဘဏ်၊ အင်္ဂလန်ဗဟိုဘဏ်နှင့် ဂျပန်ဗဟိုဘဏ်တို့သည်လည်း အတိုးနှုန်းများကို ယခုအတိုင်း ဆက်လက်ထားရှိမည်ဟု ခန့်မှန်းထားပြီး ကုန်သည်များအနေဖြင့်မူ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်လာမည့် ငွေကြေးဖောင်းပွမှုရှော့ခ်ကြားမှ ချေးငွေကြောင့်ဖြစ်လာမည့် ကုန်ကျစရိတ် အလားအလာကို တွက်ချက်နေမည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။
ရင်းမြစ်။ Reuters
Source: https://commerce.gov.mm
အမေရိကန်ဗဟိုဘဏ် (Federal Reserve) က အတိုးနှုန်းများ မပြောင်းလဲသောကြောင့် ဒေါ်လာ ဈေးတက်
Category:
International News